ခေါင်းကလျှော်ပြီးခါစခဏပဲ . . . ပြီးရင် စေးကပ်ပြီး အဆီတွေပြန်လာပြန်ရော. . .
ဘာဆီမှလည်းလိမ်းလို့မရသလို ဆံပင်ကိုဖွာလန်ကြဲကြဲ ဒီအတိုင်းပဲထားမှရတယ်ဆိုတဲ့ အဆီပြန်ဆံသားပိုင်ရှင် ပျိုမေတို့အတွက် ဒီနေ့မှာ ဆံသားအဆီမပြန်ရအောင် ရှောင်ကြဉ်ရမယ့်အချက်လေးတွေကို Smart Lady က ပြောပြသွားချင်ပါတယ်။ ဒါဆို ဆံသားအဆီမပြန်ဖို့ ဘယ်အချက်တွေကိုရှောင်ကြဥ်ရမလဲဆိုတာသိရအောင် အခုပဲကြည့်လိုက်ကြရအောင်…
နေ့တိုင်းခေါင်းလျှော်တာမျိုးမလုပ်ပါနဲ့။
ပျိုမဒီလေးတို့အမြင်မှာ ခေါင်းလျှော်လိုက်ရင် ဦးရေပြားသန့်စင်သလိုဖြစ်ပြီး အဆီပြန်တာတွေပါကင်းဝေးသွားတယ်လို့ထင်တတ်ကြပေမယ့် တကယ်က ခေါင်းများများလျှော်လေ၊ ဦးရေပြားအဆီတွေကပိုထွက်လာလေလေပါပဲ။ တကယ်က ခေါင်းကို တစ်ပတ် ၂ ရက်ကနေ ၃ ရက်လောက်သာလျှော်ပေးသင့်တာပါ။ မဟုတ်ဘဲ နေ့တိုင်းခေါင်းလျှော်နေရင် ဦးရေပြားမှာအဆီပိုထွက်လာပြီး ဆံသားရေဓာတ်ခန်းခြောက်ကာ ဆံသားအရောင်ပါမှိန်ဖျော့သွားစေတတ်ပါတယ်။
ဆံပင်ကို ခေါင်းလိမ်းဆီတွေသိပ်မလိမ်းပါနဲ့။
ကိုယ်က အဆီပြန်တဲ့ဦးရေပြားရှိသူဆိုရင် ဆံသားကို အဆီပိုထွက်စေမယ့် ယဆီတွေလိမ်းတာမျိုး ရှောင်ရှားပေးပါ။ ဒါက အဆီပြန်စေတဲ့ဦးရေပြားပိုင်ရှင်လေးတွေအတွက် ဦးရေပြားကိုလေးလံစေပြီး ခေါင်းကိုအဆီပိုပြန်စေပါတယ်။
ဆံပင်ကိုလက်နဲ့ခဏခဏသွားမထိပါနဲ့။
တစ်ခါကျ ပျိုမဒီလေးတွေမှာ မသိလိုက်မသိဘာသာ ဆံပင်ကိုလက်နဲ့သွားပြီးပွတ်သပ်တတ်တာမျိုးတွေ ရှိတတ်ကြပါတယ်။ လက်ကလေးတွေဆိုတာက အဆီလေးတွေထွက်တတ်တာမို့ ဆံပင်ကိုသွားပွတ်သပ်လိုက်တဲ့အခါမှာ ဆံသားအဆီပြန်ခြင်းကို ပိုပြီးဆိုးရွားသွားစေတတ်ပါတယ်နော်။
Conditioner တွေမသုံးပါနဲ့။
ကိုယ့်ဆံပင်က အဆီအမြဲပြန်နေတာကို Conditioner တွေသုံးနေမယ်ဆိုရင် ဆံသားကိုပိုပြီးအဆီပြန်စေပါတယ်။ ဆံသားအဆီပြန်ပြီး ကြည့်ရမဆိုးချင်ရင် ခေါင်းလျှော်ပြီး Conditioner အသုံးပြုခြင်းကိုရှောင်ကြဉ်ပေးပါနော်။